“အဖြူရောင် အိပ်မက်”

Sunday, March 15, 2009
ပတ်ဝန်းကျင် တစ်ခုလုံးသည် ဘယ်နေရာကြည့်ကြည့် အဖြူရောင်ချည်းသက်သက် ဖြစ်နေသည်။ ဒီနေရာမှာ ကောင်းကင်ကလဲ အဖြူ၊ မြေပြင်ကလဲ အဖြူ၊ သစ်ပင်ကြီးငယ်တွေကလဲ အဖြူတွေပဲ၊ ပန်းကလေးတွေဆိုရင် ဖြူအိပြီး လန်းဆန်းနေတာ။ ဒီနေရာမှာ အိုမင်းနေတဲ့ သစ်ပင်ကြီးတွေနဲ့ လမ်းမကြီးတွေဟာ သူတို့ရဲ့ ဖြူစင်ခြင်း ကမ္ဘာမှာ ရှင်သန်နေရတာ ပျော်မွေ့နေဟန်ရှိကြတယ်။

သာယာလိုက်တာ.. အေးချမ်းလိုက်တာ.. တိုက်ခတ်နေတဲ့လေကိုက သန့်စင်ပြီးလတ်ဆတ်လို့ပေါ့။ အဖြုရောင် အတိပြီးတဲ့ နေမင်းကလည်း ပူလောင်မှုကိုမပေးပဲ နွေးထွေးပြီး လန်းဆန်းစေတယ်။

ဒီနေရာမှာ ၀ါဒတွေမရှိဘူး..
ပုဂ္ဂိုလ်စွဲတွေ မရှိဘူး..
လိုချင်တပ်မက်စိတ်တွေ မဖြစ်ပေါ်ဘူး..
ကျွန်နဲ့ သခင်ဝါဒဆန်တဲ့ ယုံကြည်မှုတွေ မထွန်းကားဘူး..
ငါဆိုတဲ့ စိတ်တွေကတော့ရှိတယ် ဒါပေမယ့် သင့်တင့်မျှတယုံထက် မပိုကြဘူး..
.......................
......................

(((အလို)))
ဒီဒေသမှာရှိတဲ့ လူသားအားလုံးဟာ အဖြူရောင်ချည်ထည်တွေ ၀တ်ဆင်ထားကြတဲ့ ကလေးငယ်တွေပါ့လား... သူတို့တတွေ ပျော်ပျော်ပါးပါး ကစားနေကြရင်း အော်ဟစ်နေကြပုံက ဘေးကလူ ကြည့်ရင်တောင် အပျော်တွေ ကူးစက်ပြီး အော်ဟစ်ချင်စိတ်ပေါက် လာစေတယ်။ ကလေးငယ်လေးတွေရဲ့ မျက်လုံးလေးတွေဟာဆိုရင် တကယ့်ကို ကြည်စင်ပြီး အရည်လဲ့နေတဲ့ စိန်တုံးလေးတွေလိုပဲ။ အသားကလေးတွေဟာဆိုရင်လည်း ၀င်းဖန့်ပြီး စိုလက်နေတဲ့ အသွင်နဲ့ နုနုနယ်နယ် ချစ်စဖွယ်လေးတွေချည်းပဲ။

သူတို့ကို ဘယ်သူစုစည်းပြီး ဒီနေရာကို ပို့ထားတာပါလိမ့်....
အားလုံးဟာ အရွယ်မတိမ်းမယိမ်းနဲ့ ခန္ဓာကိုယ် ပြည့်ပြည့်ဖြိုးဖြိုးလေးတွေ။ ချစ်စရာကောင်းလိုက်တာ... ကြည့်ရ တာ မျက်စိထဲရော နှလုံးသားထဲမှာပါ ငြိမ်းချမ်းလွန်းလို့.. သူတို့လေးတွေ ကစားနေတဲ့ နေရာရဲ့ မလှမ်းမကမ်း ခုံတန်းလေးက ထိုင်ကြည့်နေမိတယ်။

ထိုအခိုက်... ကစားကွင်းရဲ့ ထောင့်တနေရာက စကားပြောသံ သဲ့သဲ့ ကြားရတယ်...

“ကျုပ်တို့ ဖြူစင်ခြင်းဂေဟာဆောက်ဖို့ လိုအပ်နေတဲ့ အခြေခံဆောက်လုပ်ရေး ပစ္စည်းတွေ အတော်လေးစုံလင် နေပြီဗျ”
“အင်း... ဒါဆို ကလေးတွေအတွက် ကျုပ်တို့ မနက်ဖြန်ပဲ စပြီးဆောက်လိုက်ကြရအောင်ဗျာ”...

အဖြူရောင် ၀တ်ရုံကိုယ်စီနဲ့ အဖိုးအိုနှစ်ယောက်..
သူတို့ဟာ အိုမင်းနေကြပေမယ့် မျက်လုံးမျက်ဖန်တွေဟာ ထက်မြက်ပြီး ငြိမ်းအေးတဲ့ အသွင်ဆောင်နေကြတယ်။ သူတို့ရဲ့ စကားကြောင့် နဂိုကမှ ကလေးတွေအပေါ် ကြည်နူးပီတိဖြစ်နေတဲ့ စိတ်အခံနဲ့ ဖြူစင်ခြင်းဂေဟာ ဆောက်လုပ်ရာမှာ ၀ိုင်းဝန်းကူညီချင်နေမိတယ်။ ဒါနဲ့...
“ဦးရီးတို့ခင်ဗျာ... ဖြူစင်ခြင်းဂေဟာ ဆောက်လုပ်ရာမှာ.. ကျနော်လည်း ပါဝင်ကူညီပါရစေလား ခင်ဗျာ” လို့ ခွင့်ပန်လိုက်တယ်။

ပထမအဖိုးအိုက..“ဟေ.. မင်းက ကူညီချင်တာလား”
“ဟုတ်ပါတယ်..ခင်ဗျာ”
“ကျနော်အနေနဲ့ ဥာဏ်အားမကူနိုင်တောင် လက်ရုံးအားနဲ့ဖြစ်ဖြစ် ကူညီပါရစေဗျာ”
“အေး..ရပါတယ်”
“ဒါထက်...တို့နှစ်ယောက်ရဲ့ ရည်ရွယ်ချက်တွေကို အရင်ပြောပြရအုံးမယ်”
“အဲဒါက...တကယ့်ကို ဖြူစင်လွန်းတဲ့ ကလေးငယ်တွေရဲ့ဘ၀တသက်တာအတွက်.. စစ်မှန်ပြီး ငြိမ်းချမ်းတဲ့ လောကဓမ္မတွေကို တို့တတွေ ချမှတ်လမ်းပြပေးဖို့ပါပဲ”

“ဒီတော့..တို့နှစ်ယောက်က ဒီလိုစီစဉ်တယ်၊ သူတို့လေးတွေရဲ့ အိပ်စက်ချိန်မှာ အိမ်မက်တွေအဖြစ်နဲ့ ညစဉ် လောကဓမ္မတွေကို ပို့ချသင်ကြားပေးမယ်.. အဲဒီအချိန်တွေမှာ သူတို့တွေရဲ့ ဦးနှောက်ဟာ လူကြီးတွေနဲ့တန်းတူ လေ့လာမှတ်သားနိုင်တဲ့ အသိဥာဏ်မျိုးဖြစ်နေစေဖို့..ဟောဒီက ငါ့သူငယ်ချင်းကြီးကိုယ်တိုင် သူတတ်စွမ်းတဲ့ ပညာရပ်နဲ့ အကျိုးပြုစီစဉ်ထားတယ်”


ထိုအခါ ဒုတိယအဖိုးအိုက...
“အခုလည်း သူတို့တွေရဲ့ အိပ်စက်ချိန်လေ.. သူတို့ရဲ့အိပ်စက်ချိန်မှာ အိမ်မက်အဖြစ်နဲ့ ဒီနေရာကို ညစဉ်ညတိုင်း ခေါ်ထားတာပေါ့”
“ဖြူစစ်ခြင်းဂေဟာဆောက်ဖို့ တတ်ကျွမ်းရမယ့်ပညာထက်.. အဓိကရည်ရွယ်ချက်တွေကသာ အရေးကြီးတာ ပါ..”

ဒါတွေကတော့..
(၁)လောကရဲ့ရိုးသားခြင်းတွေ ဖော်ထုတ်ပြီး အကျင့်သီလကို ဖြူစင်ဖို့..
(၂)နုနယ်တဲ့ ကလေးတွေရဲ့စိတ်မှာ အကြောက်တရားကို ဖယ်ထုတ်နိုင်ပြီး လောကရဲ့မမြဲတဲ့ အနိစ္စသဘောကို ရဲရင့်စွာ လက်ခံရဲဖို့..
(၃)မိဘတို့အပေါ် ထာဝရရိုသေကိုင်းရှိုင်းပြီး သတ္တ၀ါတိုင်းအပေါ် မေတ္တာတရားနှင့်ယှဉ်သော ကိုယ်ချင်းစာတရား ပွားများတတ်စေဖို့..
(၄)အရွယ်ရောက်လာတဲ့အခါ စိတ်အလျဉ်တွေရဲ့ ဖြစ်ခြင်း၊ ပျက်ခြင်းသဘောကို တဖြည်းဖြည်းသတိကပ် ဆင်ခြင်လာနိုင်စေဖို့..
(၅)အကျင့်သီလပိုင်းအနေနဲ့က လောကမှာထွန်းကားနေတဲ့ ဘာသာတရားကြီးတွေထဲက တူညီတဲ့ အကျင့်သီလ စောင့်ထိန်းမှုတွေကို အရင်သင်ကြားပေးရမှာပေါ့။

“အဲဒီအခါ သူတို့တွေဟာ ကိုယ်အမူအရာ နှုတ်အမူအရာ အားလုံးရဲ့ လှုပ်ရှားပြုမူမှုတွေကို အကျင့်သီလနဲ့ယှဉ် ကာ ဆင်ခြင်မိလာပြီး လောကကျင့်ဝတ်တွေကို စောင့်စည်းနိုင်တဲ့ လူသားတွေဖြစ်လာမယ်။ ရှင်းရှင်းပြောရရင် ဖြူစင်ခြင်းဂေဟာရဲ့ အခြေခံအုတ်မြစ်ဟာ သီလဆိုတဲ့ အခြေခံဆောက်လုပ်ရေးအတတ်ပေါ့။ သီလကို အခြေပြု ထားတဲ့ ဆောက်လုပ်ရေးအတတ်နဲ့ ကလေးငယ်တွေရဲ့ ဖြူစင်မှုကို လူကြီးဖြစ်တဲ့အထိ ထိန်းသိမ်းသွားနိုင်ရမယ်။ ဒါမှ ကမ္ဘာလောကကြီးဟာ မကောင်းမှုတွေ လျော့ပါးလာမှာပေါ့”

အဖိုးအိုနှစ်ယောက်ရဲ့ ရည်ရွယ်ချက်တွေကို နားထောင်ရင်း ကလေးငယ်လေးတွေအတွက် ကြည်နူးဝမ်း မြောက်မှုနဲ့အတူ ကြက်သီးမွှေးညင်းများပင် ထမိတယ်။ ကျနော်လည်း ဒီိလိုနေရာမျိုးမှာ ကလေးငယ်တစ်ဦး အဖြစ် ရှင်သန်ခွင့်ရခဲ့ ချင်လိုက်တာ။ အခုတော့ လောဘ၊ ဒေါသ၊ မောဟတွေ အတိပြီးတဲ့ စိတ်ကို မောင်းနှင်လို့ လူ့လောကကြီးမှာ အမှိုက်အဖြစ်နဲ့ ရပ်တည်ခဲ့တာ ဆယ်စုနှစ်တွေ အတော်ကျော်လာခဲ့ရပြီ။

ထိုသို့ တွေးမိနေစဉ် အခိုက်... ဒုတိယအဖိုးအိုက ပြုံးရွှင်သောမျက်နှာဖြင့်...
“ကုန်လွန်ခဲ့တဲ့ ကိစ္စတွေအတွက် တွေးတောပူပန်မနေပါနဲ့ ကွာ”
“ဟမ်.. အဖိုးက ကျနော်တွေးနေတာကို သိတယ်ပေါ့”
“ဟား.ဟား. ဒါကထားပါကွာ.. အခု အနာဂတ်ရဲ့မျိုးဆက်သစ်တွေအတွက် အကောင်းဆုံးလုပ်ပေးကြဖို့ပဲ စဉ်းစားပါတော့”
“အေး..တခါတည်းလည်း မင်းကိုပြောရအုံးမယ်.. တို့အခု ဖြူစင်ခြင်းဂေဟာ ဆောက်လုပ်ဖို့ ပထမဆုံးလုပ်သား အဖြစ် မင်းကိုရွေးချယ်လို့ အိပ်မက်လူသားအဖြစ်နဲ့ ဒီနေရာကို ခေါ်လိုက်တာပါ”
“ဗျာ... ဟုတ်လား ၀မ်းသာလိုက်တာ”
“နောက်နေ့တွေကစပြီး တို့နဲ့အတူ လုပ်အားပေးပေါ့ကွာ..နော်”
“စိတ်ချပါ အဖိုးတို့ရယ် ကျနော်ကိုသာ ခေါ်ဖို့မမေ့ပါနဲ့”

အဖိုးအိုနှစ်ယောက်က ကျနော့်ကို ကြည်လင်သောအပြုံးနဲ့ ကြည့်ပြီး.. “အေးအခုတော့ မင်းအိမ်ပြန်လိုက်ပါအုံး၊ နောက်ရက်တွေကစပြီး တစ်လှေတည်းစီးပြီး တစ်ခရီးတည်း သွားကြအုံးစို့ မောင်ရင်ရေ”
ပထမအဖိုးအိုက ကျနော်ပုခုံးကို အသာအယာလှမ်းပုတ်လိုက်တယ် ဆိုရင်ပဲ.. အေးမြတဲ့ ဓာတ်လှိုင်းတစ်ခု ခန္ဓာကိုယ်ထဲကို စီးဝင်လာသလို ခံစားမိလိုက်တယ်..

နောက်တော့.. အဖိုးအိုတို့၏ နွေးထွေးတဲ့ နှုတ်ဆက်အပြုံး... ကလေးငယ်လေးတွေရဲ့ ပျော်ရွှင်စွာရယ်မော မြူးထူးနေတဲ့ အသံလေးတွေ.. အဖြူရောင်ငှက်ကလေးတွေရဲ့ တေးသီနေတဲ့ အသံတွေ... အို... ပြောနေရင်း.. အဖြူရောင် ယုန်ကလေးတွေ ကျနော့်ရှေ့က ဖြတ်ပြေးသွားကြတယ်ဗျာ... ကျနော်ကိုယ်တိုင်လဲ အားလုံးကို ပျော်ရွှင်စွာနဲ့ အားလုံးကိုနှုတ်ဆက်နေမိတယ်။ ဒီနေ့ကစပြီး ကျနော်ဟာ ကမ္ဘာလောကကြီးအတွက် အကျိုးပြုဖို့ ပြင်ဆင်နေပြီလေ... ကျနော့်ရဲ့ အိမ်အပြန်ခရီးက ပျော်ရွှင်မှုတွေအပြင် ၀မ်းမြောက်ပီတိတွေ တပွေ့တပိုက်နဲ့ ပေါ့ဗျာ။

ကျနော်ချစ်ခင် မြတ်နိုးရတဲ့ အပေါင်းအသင်းတွေနဲ့ ကျနော့်အရင်းနှီးဆုံးသူရဲ့ လက်တွေကို တပေါင်းတည်း ဆုပ်ကိုင်လို့ သာယာတဲ့ နေ့သစ်ပေါင်းမြောက်များစွာကို ဖန်ဆင်းခွင့်ရအုံးမယ်လေ....

...........................
.......................

((((((ကလင်..လင်...လင်...လင်))))))
(((ကလင်.....လင်...လင်..လင်)))
“ဟေ့ရောင်... နေဖင်ထိုးနေပြီ ထတော့ဟ”
“နှိုးစက်က ဒီလောက်အော်နေတာတောင် မထနိုင်ဘူးး.. ပြီးတော့ မျက်နှာကြီးကလည်း အိပ်ယာနိုးတာတောင် ပြုံးရွှင်လို့.. အရင်နေ့တွေကဆို စူပုတ်ပြီး အိပ်ယာထတဲ့ကောင်...ဘယ်ကောင်မလေးနဲ့ အိမ်မက်နေလဲ မသိဘူး”

အခန်းဖော် သူငယ်ချင်းရဲ့ အသံကို ကြားတော့မှ...
((ဟိုက်)) အလုပ်နောက်ကျပြန်ပြီ... “အေးဟေ့... ထပြီဟ..ထပြီ”
အိပ်ယာကို အသည်းအသန်သိမ်းရင်း နောက်နေ့ညတွေတော့ အစောကြီးအိပ်တော့မည်ဟု တွေးလို့သာ ပျော်ရွှင်နေတော့လေသည်။

ပကတိဖြူစင်ခြင်းတွေ...
လောကရဲ့ အနားသတ်မျဉ်းတွေဖြစ်တဲ့ အကျင့်သီလတွေ..
ရိုးသားပြီး ပုဂ္ဂိုလ်ရေးကင်းတဲ့ လောကပါလတရားတွေ..
တနေ့တော့ လူ့ကမ္ဘာကြီးမှာ ထွန်းကားလာအုံးမယ်လို့ မျှော်လင့် စိတ်ကူးရင်း......

ယခုကျနော် တင်ဆက်ခဲ့သော ၀တ္တုတိုလေးသည် ကလေးလေးမွေးနေ့ အတွက်ရည်စူးကာ ရေးဖွဲ့ထားပါသည်။ ကလေးလေး ကျန်းမာလန်းဆန်းလို့ ဘ၀ကိုအရှုံးမပေးပဲ ခင်ရာဆွေမျိုးရင်းကြီးတွေဖြစ်တဲ့ ဦးနော်၊ မငယ်ကြီးတို့နဲ့ ပျော်ရွှင်စွာ လက်တွဲ၍ ပြုံးပျော်ကြည်နူးနေနိုင်ပါစေဗျာ.....
ရွှင်လန်းချမ်းမြေ့ပါစေ...
မိုးမောင်

"အခမ်းနားဆုံး ကောလဟာလ"

Thursday, March 5, 2009

ပင်လယ်တစ်စင်းလို
ခြစ်ခြစ်တောက်ပူနေတဲ့ နှလုံးသား
အနားသတ်တွေ တဝုန်းဝုန်းရိုက်ခတ်ဖို့
ကျောပြင်ကို အငွေ့ပျံခံပြီး
လရောင်ရဲ့ အပွေ့ဖက်ခံချင်တာ
မျှော်လင့်ခြင်းဆိုတဲ့ သီအိုရီဆန်ဆန်
ပေးဆပ်မှု.....

သစ်တစ်ပင်လို
ဆာလောင်မွတ်သိပ်နေတဲ့ အခက်အလက်တွေ
အလင်းရောင်ဘက်ကို အလုအယက်တက်ဖို့
အဆုတ်ထဲက အောက်စီဂျင်ထိုးပေးပြီး
နေမင်းရဲ့ နုတ်ခမ်း ခပ်ဖွဖွနမ်းစေချင်တာ
တမ်းတခြင်းဆိုတဲ့ အိပ်မက်ဆန်ဆန်
သိမ်းပိုက်ခံရမှု....

ကန္တာရတစ်ခုလို
အထီးကျန်ဖြစ်နေတဲ့ မျက်နှာစာ
အလွမ်းပြေ အိုအေစစ်လေးအုတ်မြစ်ချဖို့
ရင်ဘတ်ကို တံလျှပ်အဖြစ်ပေးချေပြီး
ကောင်းကင်ရဲ့ မျက်ဝန်းတွေ ပြိုကျစေချင်တာ
ရယူလိုခြင်းဆိုတဲ့ မျက်လှည့်ဆန်ဆန်
နယ်ချဲ့ခံရမှု.....
...................................
....................................
ညီမျှခြင်းတစ်ခုလို
လှိုင်းထနေတဲ့ အစွန်းထွက်တွေ
ယုံကြည်ချက်ကို ရေချိန်ညီစေဖို့
ကိန်းသေတွေနဲ့ အလေးခိုးပြီး
ရေခဲရိုက် အပြုံးအတုတွေချပြ
ရယူလိုခြင်းနဲ့ ပေးဆပ်ခြင်း
အမြတ်အစွန်းများတဲ့ဘက်မှာ ဖျာခင်းချင်ကြတာ
သဘာဝကို ဗီလိန်ဖြစ်စေတဲ့အတတ်...

အလွမ်းတွေနဲ့ပြည့်နေတဲ့ အထီးကျန်မှု့အတွက်
ဥက္ကာပျံတစ်စင်း
အရှိန်ပြင်းပြင်း ပစ်ဆောင့်ခံရတဲ့
မြေပြင်လို သွက်သွက်ခါလက်ခံရင်း
နာကျည်းခြင်း အပေါက်အပြဲပရပွ...


အင်းလေ...
ရယူပိုင်ဆိုင်လိုခြင်း
ပေးဆပ်ကြေကွဲခြင်း
အရောင်အဆင်း အနံ့အရသာ
အဆင်းပုံဆောင်ခဲ
ဘယ်သူမှသဲသဲကွဲကွဲ မသတ်မှတ်နိုင်သေးတဲ့
အရာအားလုံးဖန်တီးနိုင်သော
ပါးစပ်ရာဇဝင်များစွာထဲက
............
အချစ်ဆိုတာ
အခမ်းနားဆုံး ကောလဟာလ အဖြစ်...၊၊

မင်းသုခ
"၁၉၈၄-၈၅ လောက်က ကဗျာလေးပါ.. ဒါကဗျာလားလို့ အပြောခံခဲ့ရတဲ့... အပုတ်အခတ်များစွာထဲက ကမ်းကပ်ခဲ့တဲ့ လှေလေးတစ်စင်း... ယုံကြည်ချက်တွေကျောပိုးပြီး..စစ်ခင်းခဲ့ရတဲ့ ကျည်အလေးတစ်တောင့်.. ဘာဖြစ်ဖြစ် အမှတ်တရပေါ့"

မိုက်တဲ့ “ကြယ်”

Monday, February 16, 2009

ကိုယ်စိုက်တဲ့ ပန်း...
ကိုယ်တိုင် အဆိပ်ဖျုန်းလို့
ချစ်ခြင်းကို အလျော်အစားလုပ်ခဲ့တယ်...

အရောင်မဲ့သွားတဲ့ ဖြူစင်မှုတွေအတွက်
ငါ့ရဲ့ နှလုံးသားကို
ရာသက်ပန် ကွပ်မျက်လိုက်စမ်းကွာ...

ငါလို အရိုင်းအစိုင်းရဲ့
ငိုကြွေးခြင်းမှာ...
မျက်ရည်တွေတောင် အဆိပ်ဖြစ်ကုန်တာ မဆန်းဘူးပေါ့...

လရောင်ရဲ့ ဥပဒေသကိုမှ...
ချိုးဖောက်ချင်တဲ့ ကြယ်အတွက်
အလင်းမဲ့စေတဲ့ ကျိန်စာတစ်ပုဒ်လောက်
ချီးမြှင့်ပေးခဲ့စမ်းပါ။ ။

မိုးမောင်


ကျနော် ကဗျာရေးခဲပါတယ်။ စိတ်တွေ သိပ်မွန်းကျပ်လာရင် ဖောက်ထုတ်စရာ မရှိလောက်အောင် ဖြစ်လာတတ်လို့ ကဗျာအဖြစ် ဖွင့်ထုတ်လိုက်မိပါတယ်။ စာဖတ်သူတို့ အတွက် အကျိုးမဖြစ်ခဲ့ရင် ခွင့်လွှတ်ပါ။ သရုပ်ဖော်ပုံအတွက် ဒီဇိုင်းဆွဲပေးတဲ့ မအိန္ဒြာကိုလဲ အထူးကျေးဇူးတင်ပါတယ်။

တန်ဖိုး

Sunday, February 8, 2009

ကျနော်တို့တွေ ဘလော့ဂ်မှာ တတ်နိုင်သလောက် စာတိုပေစလေးတွေရေးရင်း မကြာမကြာ ပျောက်ပျောက် နေတတ်တယ်ဗျာ... ကိုယ့်ဝမ်းနာကိုယ်သာသိဆိုသလို မအားတာထက် ဦးနှောက်က မသွားတာဗျ... ရေးမယ်စဉ်းစားရင်း ဘာရေးရမှန်းမသိ ဖြစ်ဖြစ်နေတော့... လာလာချောင်းတဲ့သူတွေကို အားနာမိတယ်ဗျိုး... အခု ကျနော်တို့တွေ လေးစားတဲ့ အကိုတစ်ယောက်ရဲ့ တစ်မျက်နှာ ၀ထ္တုတိုလေး တင်ပေးလိုက်ပါတယ်ခင်ဗျာ... အမကြီးအိန္ဒြာရဲ့ ရင်းနှီးတဲ့ မိတ်ဆွေတစ်ယောက် ဖြစ်ပါတယ်... စာဖတ်သူတို့အတွက် တစ်ခုခု ပေးနိုင်မယ်လို့ မျှော်လင့်မိပါတယ်ခင်ဗျာ...။


လေးစားစွာဖြင့်

ဖိုးမောင်၊မိုးမောင်


“တန်ဖိုး”


သူ့ကို မမျှော်လင့်ပဲ အဝင်ပေါက်ဝမှာ တွေ့လိုက်ရတော့ အရမ်းအံ့သြမိတယ်၊ သူအခန်းထဲရောက်လာတော့လည်း အားလုံးကလှိုက်လှိုက်လှဲလှဲ ကြိုဆိုကြတယ်...။ အလင်းရောင်ကောင်းကောင်းရပေမဲ့ များသောအားဖြင့် မှိုနံ့တထောင်းထောင်းထနေတတ်တဲ့... အပြင်ဘက်ကသော့ခတ်ထားတဲ့... တံခါးတစ်ချပ်၊ အမိုးထိပ်ကရှည်မျောမျော အပေါက်တစ်ခု၊ အကြောင်းအရာ အမျိုးမျိုးကပ်ထားတဲ့ ဒီလိုအခန်းကျဉ်းလေးမျိုး ကျွန်တော် နေရာအနှံ့မှာ နေခဲ့ဘူးတယ်။ တစ်ခါမျှ သူ့ကို မတွေ့ခဲ့ဖူးဘူး။ ခပ်ဆင်ဆင်တောင် မမြင်ခဲ့ဖူးဘူး။ ကျွန်တော်အပါအဝင် သူငယ်ချင်းတွေအတွက် သူဟာအတော့်ကို အထင်ကြီးစရာ။


“သူဝတ်ထားတဲ့ အဝတ်အစားတွေကြောင့်လား...။”

“အဲဒီ အဝတ်တွေရဲ့ ခပ်နှိပ်ထားတဲ့ တံဆိပ်တွေကြောင့်လား...။”

“ကျွန်တော်တို့ထက် အလုံးအဖန်နဲနဲပိုကြီးလို့လား...။”


သူ့မှာခါးပတ်ကြိုးမပါတာနဲ့ လည်ပင်းကဒဏ်ရာကိုတိပ်ကပ် ထားတာကလွဲရင် သူကတန်ဖိုးကြီးကြီးသူ တစ်ယောက်လေ။ သေချာတာက သူလည်း ကျွန်တော်တို့လို ဘဝအခြေခံအတူပဲ။ ကျွန်တော်တစ်ခါမျှမရောက်ဘူးတဲ့ သူ့ရဲ့အတွေ့အကြုံတွေက ကျွန်တော့်အတွက် ဒဏ္ဍာရီသိပ်ဆန်တယ်၊။ ဘီယာဆိုင်က ကောင်မလေးတွေရဲ့လင်းပိုင်တစ်ကောင်လို အက၊ ကာရာအိုကေခန်းမထဲက လက်ပုန်းသီး ချိုချဉ်နိုက်ပွဲ၊ ဟိုတယ်အခန်းလှလှတွင်းက ဇူးလူနတ်သဘင် အထပ်မြင့် ကုန်တိုက်တွေက ကွန်ပြူတာကုတ် အများကြီးပါပဲ၊ အမှန်အတိုင်းပြောရရင် ရောက်စသူ့ဆီကရတဲ့ ရေမွှေးနံ့သင်းသင်း ကျွန်တော့်တစ်သက် တစ်ခါမှ မရခဲ့ဖူးဘူး။ သူကျွန်တော်တို့နဲ့အတူရှိနေတဲ့သုံးလေးရက်အတွင်း ကျွန်တော်တို့ဆီက ချွေးနံ့၊ မှိုနံ့တွေက သူ့အတွက် အနေရအတော်ခက်မှာ။ ဆည်းလဲသံ၊ ကြေးစည်သံ တွေကြားတိုင်း သူတမ်းတတတ်တာက ပြင်းရှရှ တီးလုံးနဲ့ ကခုန်တဲ့ညတွေ။

............. ..............

............. ..............


ဒီနေ့ ကျွန်တော်တို့အားလုံး အခန်းပြောင်းကရမယ်။ ဝတ်စုံတွေခွဲပြီး တန်းဆီကြတော့ သူတစ်ယောက်တည်း ထီးထီး။ အညိုရောင်တဘက်ပတ်ထားတဲ့ လူကြီးတစ်ယောက်က သူ့ကိုသေသေချာချာစစ်နေတယ်။ သူ့ရဲ့အားငယ်တဲ့မျက်ဝန်းက အရင်နေ့တွေနဲ့ လုံးလုံးဆန့်ကျင်ဘက်၊ လုံခြုံရေး ခါးပတ်မပါလို့ဆိုလား။ ကိုယ်ပိုင်နံပတ် မပြည့်စုံလို့ဆိုလား။ သူ့ကိုသေဆုံး စာရင်းထဲ ထည့်လိုက်ကြတယ်။


ကျွန်တော်သေသေချာချာ ကြားလိုက်တာက...........


"လူတွေကလည်း သုံးမရတော့တဲ့ တစ်ထောင်တန်မှ အလှုခံပုံးထဲ ထည့်ကြတယ်"


...................

..............

......................


မင်းသုခ

အဖြည့်ခံ

Tuesday, January 27, 2009
ကျနော် ဇောင်းလျားသီး မကြိုက်ပါ... ဒါပေမယ့် ဇောင်းလျားပင်ပေါ်သို့ တက်၍ကစားရခြင်းကို ပျော်ပါသည်။
ကျနော်တို့နေထိုင်ရာ ပတ်ဝန်းကျင်အနီးအပါး၌ ဘုန်းတော်ကြီးကျောင်းတစ်ခု ရှိပါတယ်။ မနက်အာရုဏ်တက်လို့ ဆွမ်းစားအုန်းမောင်းခေါက်သံကြားရင် ကျနော့်အမေက ထိုဘုန်းတော်ကြီးကျောင်းသို့ အပြေးသွားနေကျပေါ့။ ကျနော်ကတော့ အမေဘုန်းကြီးကျောင်းက ပြန်လာပြီးအတော်ကြာမှ အိပ်ယာကထတယ်။ ပြီးတော့ အမေက သံဃာတော်တွေ စွန့်လိုက်တဲ့ စားစရာတွေနဲ့ ကျနော့်ကို မနက်စာ စားဖို့ပြင်ဆင်ပေးပါတယ်။

ကျနော်နဲ့ အမေရဲ့ဘ၀က အမေတစ်ခု သားတစ်ခုလို့ဆိုရမယ်... အဲလိုပြောလို့ အဖေမရှိဘူးလို့တော့ မထင်ပါနဲ့ အဖေကိုပြမယ်ဆိုရင်...........(ထားပါလေ..) နောက်တော့ ကျနော့်ကို ခင်ဗျားတို့နားလည်သွားမှာပါ။ အမေတစ်ခု သားတစ်ခုဆိုတော့ သိတဲ့အတိုင်း၊ အမေကကျနော့်ကို သိပ်ကိုဂရုစိုက်ပြီး စိုးရိမ်တတ်တာပေါ့ဗျာ။ ဘယ်သွားသွား သူမပါပဲသွားရတယ်ဆိုတာ မရှိဘူး။ ကျနော်ကလဲငယ်တော့ အဆော့မက်တယ်၊ အခါအခွင့်သင့်တာနဲ့ ဆော့တော့တာပဲး)။ သိပ်ဆော့လွန်းတော့ ထိပ်ပေါက်ခေါင်းကွဲဖြစ်ရတာလဲ အကြိမ်ကြိမ်ပဲ၊ ဒီတော့ အမေကျနော့်ကို စိတ်မချဘူးဆိုတာ မဆန်းဘူးပေါ့ဗျာ။

ကျနော်အမေ့ကို မကြာခဏပူဆာတတ်တာ တစ်ခုရှိတယ်၊ အမေ မနက်မနက်ဆိုသွားနေတဲ့ ဘုန်းကြီးကျောင်း ကို လိုက်ချင်တယ်လို့။ အမေက နောက်အားတဲ့အခါ ပို့ပေးမယ်ပြောပါတယ်၊ ပြီးတော့ အဲဒီဘုန်းကြီးကျောင်းက ဆရာတော်ကြီးက ဝေနေယျသတ္တ၀ါတွေကို ကြင်နာသနားတတ်တယ်လို့ အမြဲပဲပြောပြတတ်တယ်။ ပိုပြီး လိုက်ချင်ရတဲ့အကြောင်းက ကျနော်တို့ရဲ့ အိမ်နီးချင်းသူငယ်ချင်းတွေနဲ့ ကစားတိုင်း သူတို့ပြောပြောနေတဲ့ စကားတွေထဲမှာ ဘုန်းကြီးကျောင်းမှာ ဇောင်းလျားပင်တွေ အများကြီးရှိတဲ့အကြောင်း၊ အပင်တွေက တက်ရ လွယ်ပြီး အပင်ပေါ်မှာ တူတူပုန်းတမ်း ကစားရတာ ဘယ်လောက်ပျော်ဖို့ကောင်းတယ်ဆိုတဲ့ အကြောင်းတွေလဲ ပါတယ်။

သူတို့တွေက ကျနော့်ထက်တော့ အသက်နည်းနည်းကြီးကြတယ်၊ ဒီတော့ သူတို့ကကျနော့်ထက် လွတ်လွတ်လပ် လပ်သွားလာခွင့် ရကြတာပေါ့ဗျာ။ သူတို့တွေ ဘုန်းကြီးကျောင်းဝန်းကြီးထဲမှာ ဘယ်လိုပျော်ပျော်ပါးပါး ကစား ခဲ့တယ် ဆိုတာတွေ ကျနော့်ကို အားပါးတရ ပြောပြတတ်တယ်။ ကျနော့်စိတ်ထဲ သူတို့ပြောတဲ့ အဲဒီအကြောင်း တွေ ဘယ်လောက်ထိ စွဲလန်းနေသလဲဆိုရင် ညအိပ်ရင်တောင် အိမ်မက်ထဲမက်တာ ခဏခဏပဲ။ စိတ်ထဲမှာ တော့ တေးထားတယ် အခွင့်သင့်ရင် တခေါက်လောက်တော့ သွားလည်မယ်လို့။

အဲ... သိပ်မစောင့်လိုက်ရပါဘူး။ တစ်ရက်မှာ အမေက သူ့အဖော်တွေနဲ့ တောလည်သွားတာ လိုက်သွားမယ်လို့ ပြောပါတယ်။ ကျနော်တို့တွေ နေတဲ့နေရာက တောနဲ့လဲနီး လူနေအိမ်ခြေတွေနဲ့လဲ နီးတယ်။ ဒါပေမယ့် အခု နောက်ပိုင်း စားစရာသောက်စရာ ရှားပါးလာလို့သာ အမေကတောလည်ထွက်တာပါ။ အမေက ကျနော့်ကိုထား ပြီး ဘယ်မှသွားချင်ပုံမပေါ်ဘူး။ တောထဲကိုခေါ်သွားဖို့ကျတော့လဲ အန္တရာယ်ဖြစ်မှာစိုးရတယ် ဆိုတော့ နောက်ဆံတင်းတင်းနဲ့ပဲ ကျနော့်ကို အိမ်မှာထားခဲ့ရတယ်။ အဝေးကြီးတွေ လျှောက်မဆော့ဖို့လဲ အထပ်ထပ် မှာခဲ့ပါတယ်။ ကျနော်ကတော့ ဆော့ချင်သလို ဆော့ရဖို့အတွက် မုတ်ဆိတ်ပျားစွဲတဲ့ကိန်းဆိုက်ပြီဆိုပြီး ကြိတ်လို့ ၀မ်းတွေသာနေတာပေါ့ဗျာ။

အမေတို့အဖွဲ့ ထွက်သွားကြပြီဆိုတာနဲ့ ဘေးအိမ်က သူငယ်ချင်းတွေဆီကို အပြေးသွားလိုက်တယ်။ ပြီးတော့ သူတို့နဲ့ ဘုန်းကြီးကျောင်းဝန်းထဲ သွားဆော့ဖို့ပြောတော့ သူတို့ကလဲ လူကြီးတွေမရှိတုန်း ဆော့ဖို့ အသင့်ဖြစ်နေတယ်။ ဒါနဲ့ ကျနော်တို့ သူငယ်ချင်းတသိုက် ဘုန်းကြီးကျောင်းဝန်းထဲကို ချီတက်ကြတာပေါ့။ သွားတဲ့လမ်းတလျောက် ပျော်ပျော်ပါးပါး အော်ဟစ်ပြီးသွားလိုက်ကြတာ ကျနော့်အသံက အကျယ်ဆုံး ဖြစ်မယ်ထင်တယ်ဗျး)။ ဒါပေမယ့် ဘုန်းကြီးကျောင်းဝန်းနဲ့ နီးလာတော့ အဲဒီမှာမကြာခဏ လာလာဆော့နေကျ သူငယ်ချင်းက အသံတွေမဆူကြနဲ့ ကျောင်းဝန်းထဲမှာ အရမ်းဆိုးတဲ့ ဘုန်းကြီးကျောင်းသားတချို့ရှိတယ်လို့ ပြောတယ်။ ငါတို့ ဒီနေရာမှာကစားရင် နည်းနည်းတော့ သတိထားရမယ်လို့ အသေအချာသတိပေးတယ်။

ဒီလိုနဲ့ ဘုန်းကြီးကျောင်းဝန်းထဲမှာ ရှိသမျှအပင်တွေပေါ် အကုန်လိုက်တက်၊ တွေ့သမျှ အသီးတွေအကုန်ခူးစားနဲ့ ပျော်စရာကြီးပေါ့ဗျာ။ တစ်ကျောင်းလုံး အပေါဆုံးအပင်ကတော့ ဇောင်းလျားပင်တွေပဲ အချိုသီး၊ အချဉ်သီး တွေလဲရှိတယ်။ သူငယ်ချင်းတွေပြောခဲ့သလို အပင်အကုန်လုံးက တက်ရလွယ်တော့ ကျနော့်လို အကောင်ခပ် သေးသေးအတွက် အတော်ကြီးကို ဟန်ကျနေတာပေါ့ဗျာ။ အဲ.. ဇောင်းလျားသီးတော့ လုံးဝမကြိုက်ဘူးဗျ။ ပုံစံကိုက ပုံမကျ ပန်းမကျကြီး၊ စားကြည့်တော့လဲ အရသာက ချိုတမျိုး၊ ချဉ်တမျိုးဆိုတော့ တခြားအပင်မျိုးတွေက အသီးတွေပဲစားပြီး ဆော့နေလိုက်တာပေါ့။

အဲဒီအချိန်မှာ အချိန်အခါမဟုတ် မိုးက၀ုန်းကနဲ ရွာချလိုက်တယ်ဗျို့။ ဒါနဲ့ကျနော်တို့ အုပ်စုလဲ စားနေ၊ ကစားနေရင်းက ဖရိုဖရဲထွက်ပြေးကြရတာပေါ့။ နီးစပ်ရာ လုံခြုံတဲ့အပင်တွေပေါ် တက်တဲ့သူကတက်၊ အိမ်ပြန်ပြေးတဲ့သူကပြေးနဲ့ ပွက်လောကိုရိုက်နေတာပဲ။ ကျနော်လဲ နီးစပ်ရာ ဇောင်းလျားပင်ပေါ်တက်ပြီး မိုးခိုနေလိုက်တယ်။ အချိန်အတော်ကြာတဲ့အထိ မိုးကမစဲဘူး။ စိတ်ထဲမှာတော့ မိုးမြန်မြန်တိတ်ပါစေ ဆုတောင်း နေမိတယ်။ အမေပြန်လာလို့ အိမ်မှာမတွေ့ရင် ကျနော်တော့အရိုက်ခံရတော့မယ်ဆိုပြီး စိုးရိမ်စိတ်တွေက တသီ တတန်းကြီးရယ်။ မိုးကအေးတော့ ကစားထားတဲ့အရှိန်နဲ့ ပင်ပန်းပြီး တချက်တချက် အိပ်တောင်ငိုက်တယ်ဗျ။

အဲသလို ငိုက်မြည်းနေတုန်း “ဖြန်း” ဆို ကျနော်ထိုင်နေတဲ့ သစ်ကိုင်းကို တစ်ခုခုက အရှိန်ပြင်းပြင်းထိမှန်လာတဲ့ အသံကြားလိုက်ရတယ်။ ဒီတော့ ကျနော်လန့်ပြီး ဘေးဘီဝဲယာကို ကြည့်လိုက်တော့....

“ဟေ့ရောင် ညိုကြီး.. မင်းလက်ကလဲ ချာလိုက်တာကွာ”
“ငြိမ်ပြီးထိုင်နေတဲ့ အကောင်တောင် မှန်အောင်မပြစ်နိုင်ဘူး”
“ပေးစမ်း..လေးဂွ.. ငါပြစ်ပြမယ်ကြည့်”...

ဘုန်းကြီးကျောင်းသားနှစ်ယောက် ကျနော့်ကိုလေးဂွနဲ့ ပြစ်နေတာတွေ့လိုက်ရတယ်။ အသက်အန္တရာယ်နီး နေပြီဆိုတာ သိတာနဲ့တပြိုက်နက် မိုးတွေရွာနေတဲ့ကြားထဲက ရောက်ရာပေါက်ရာ ထပြေးရတော့တာပဲ။ ဘုန်းကြီးကျောင်းသားနှစ်ယောက်ကလဲ လုံးဝမလျော့ဘူး တရစပ်ကို နောက်ကနေ လိုက်ပြစ်တာ။ တနေရာ အရောက် ဇောင်းလျားပင်တပင်ကို ခုန်အကူး.. ကျနော့်ပေါင်ရင်းနားကို ပြင်းထန်တဲ့ လောက်စာလုံး လာမှန်တော့တာပဲ။ ကျနော်လဲ နာကျင်လွန်းတဲ့ ဝေဒနာကြောင့် ခုန်ကူးလိုက်တဲ့ အပင်ရဲ့ အကိုင်းကိုလက်က မှီခဲ့တာတောင်မှ ခြေထောက်တစ်ဖက်က မတွယ်နိုင်တော့လို့ မြေပေါ်ကိုဖုတ်ကနဲ မြည်အောင် ပြုတ်ကျသွား ရတယ်။

“တွေ့လား ညိုကြီး”...
“ငါ့လက် ဘယ်လောက်ဖြောင့်လဲဆိုတာ”
“လေပေါ်မှာ ခုန်နေတဲ့ အကောင်တောင် ကွက်တိကျအောင် ပြစ်နိုင်တယ်”.. “ဟား..ဟားး”

အသားမဲမဲနဲ့ ဘုန်းကြီးကျောင်းသားက သူ့အဖော်ညိုကြီးဆိုသူကို ဂုဏ်ယူဝမ်းမြောက်တဲ့ အပြုံးတွေနဲ့ ကြွားဝါရင်း ကျနော်ပြုတ်ကျနေတဲ့ နေရာကို တစ်လှမ်းချင်းလျှောက်လာနေတာ တွေ့ရတယ်။ ကျနော် နီးစပ်ရာ အပင်တွေပေါ် ပြေးတက်ဖို့ ကြိုးစားကြည့်ပါသေးတယ်။ ခြေထောက်က လုံးဝကို ထောက်မရတော့ဘူးဗျာ။ မျက်လုံးတွေလဲ မိုးရေကြောင့် ကောင်းကောင်းမမြင်ရဘူး။ အဲဒီအချိန်မှာ အမေ့ကို အရမ်းတမ်းတမိတယ်ဗျာ။ အမေ့စကားသာ နားထောင်ပြီး အိမ်အနီးအနားမှာသာကစားရင် ဒီလိုအဖြစ်မျိုး ကြုံရမှာ မဟုတ်ဘူး။ အခုတော့....ကျနော်.....အသားမဲမဲ ဘုန်းကြီးကျောင်းသား.... ညိုကြီး.... သူငယ်ချင်းတွေ........

((((( အမေ...အမေ... အမေရေ )))))

မျက်စိစုံမှိတ်ကာ ကျနော့်ရဲ့ အသံကုန်ခြစ်ပြီး အော်လိုက်တဲ့အသံနဲ့အတူ ကျနော့်အနားမှာ ကျနော့်ကို အသာအယာ ဖမ်းယူတော့မယ် အသားမဲမဲကျောင်းသားရဲ့ အထိတ်တလန့် အော်သံက ဆက်တိုက်ဆိုသလို ထွက်ပေါ်လာတယ်။ ကျနော်မျက်စိဖွင့်ကြည့်တော့ မိုးအရမ်းရွာလို့ တောစပ်နားတင်လှည့်ပြန်လာတဲ့ အမေက အသားမဲမဲကျောင်းသားရဲ့ ဦးခေါင်းကို အားပါးတရ ကုတ်တွယ်ရင်း...
(((သားလေး.. လွတ်အောင်ပြေးတော့... ပြေး...ပြေး..သားရေ))) လို့ ကုတ်ရင်းခြစ်ရင်း အော်ပြောနေတယ်။

ကျနော်လဲ စဉ်းစားမနေပဲ ရှိတဲ့အားနဲ့ ရသလောက်ထွက်ပြေးရတာပေါ့။ ဒါပေမယ့် အမေ့ကိုတချက် လှည့်ကြည့်မိ တော့ အသားမဲမဲကျောင်းသားက အမေ့ရဲ့ အမြီးကိုဖမ်းဆုပ်မိပြီး ခေါင်းပေါ်ကခါချကာ “ဖုန်း” ကနဲ တချက်ကိုင် ပေါက်လိုက်တာ တွေ့ရတယ်။ အရှိန်ကတော်တော်ပြင်းတော့ အမေချက်ချင်း ပြန်မထနိုင်ရှာဘူး။ ဒါတောင် အမေက ကျနော့်ကိုတချက်လှမ်းကြည့်ပြီး “ပြေးလေ..သား.. ဘာကြည့်နေတာလဲ” လို့ လှမ်းအော်တယ်။ ကျနော် ဘယ်လိုပြေးနိုင်တော့မလဲဗျာ.. အမေကိုပြေးပြီးဆွဲတာပေါ့။ ဒါပေမယ့် ကလေးဆိုတော့ လူကြီးကိုယ်ကို ဘယ်ဆွဲ လို့ရမလဲ၊ ကျနော့်ခြေထောက်တဖက်ကလဲ အမေ့ဇောနဲ့သာ ထလျှောက်တာ ထောက်လို့ကိုမရတော့ဘူး။

အဲဒီအခါမှာ ညိုကြီးက “ဟာ ... ဒီမျောက်မသားလေးက တမှောက်” ဆိုပြီး ကျနော့်ကို ပြေးကန်ပြန်တယ်။ ကျနော် ဇောင်းလျားပင်အောက်မှာ ခွေခွေလေး မထနိုင်တော့ဘူး။ အမေက မူးဝေနေတဲ့ ကြားထဲက ကျနော့်ရဲ့ အဖြစ်ကိုမြင်တော့ အဲဒီကျောင်းသားနှစ်ယောက်ကို ၀ုန်းကနဲ တရှိန်ထိုးထပြီး တိုက်ခိုက်တော့တာပဲ။ ဇောင်းလျားပင်ကြီးရဲ့ အောက်မှာ အမေနဲ့ ကျောင်းသားနှစ်ယောက်ရဲ့ တိုက်ပွဲဟာ သည်းသည်းမည်းမည်း ရွာနေတဲ့ မိုးရေတွေနဲ့အတူ ပြင်းထန်လို့နေပါတယ်။ ကျနော်ကလဲ အပင်ခြေရင်းက အသံကုန်အော်ပြီး ကယ်ပါ ယူပါ အော်ဟစ်လို့နေတယ်။


တချက်မတော့ အသားမဲမဲကျောင်းသားက သူ့ဆီ ခုန်ဝင်လာတဲ့အမေ့ကို သစ်ကိုင်းကြီးတစ်ခုနဲ့ “ဖြောင်း”ကနဲ မြည်အောင် ရိုက်ထည့်လိုက်တာ တွေ့ရတယ်။ အမေ့ဦးခေါင်းက လွင့်စင်လာတဲ့ သွေးတွေဟာ ကျနော်ရဲ့ကိုယ်ခန္ဓာကိုတောင် လာစင်တယ်ဗျာ။ အဲဒီအချိန်မှာတောင် အမေက သတိမလွတ်ဘူး..
“သား... မင်း အခုလွတ်အောင်ပြေးနှင့်... အမေနောက်ကလိုက်လာခဲ့မယ်” လို့ အော်ပြောနေရှာတယ်။ ကျနော်သိတာပေါ့ဗျာ.. အမေဒီပုံစံနဲ့ ဘယ်တော့မှ လိုက်မလာနိုင်ဘူးဆိုတာ။ ကျနော်က လဲကျနေတဲ့ အမေ့ဆီ ကို ထောက်လို့ရတဲ့ ခြေထောက်တဖက်ကိုအားပြုသွားပြီး ပြေးဖက်ထားလိုက်တယ်။

အမေက အံကိုတင်းတင်းကြိတ်ရင်း “ဟဲ့.. ပြေးလို့ပြောနေတယ်.. ငါ့အနားက ခုထွက်သွားစမ်း” လို့ ကျနော့်ကို ငေါက်တယ်။ ကျနော်မျက်ရည်တွေ တသွင်သွင်စီးဆင်းနေရင်းက (((အမေ...အမေ))) လို့ အော်ငိုကာသာ နေတော့တယ်။ အသားမဲမဲ ကျောင်းသားက
“ဒီမျောက်နှစ်ကောင် စွတ်အော်နေတယ်...ဆရာတော်ကြားတော့မှာပဲ နှစ်ကောင်စလုံး အသေရိုက်သတ်ကွာ”
“ဒီညတော့ မျောက်သားကောင်းကောင်းစားရတော့မယ်” လို့ ပြောရင်း... လက်ထဲက သစ်ကိုင်းခြောက်ကြီးကို လေထဲမှာ ဝှေ့ရမ်းလိုက်တယ်... ပြီးတော့ ကျနော်တို့ သားအမိရဲ့ ကိုယ်ပေါ်ကို....
(((ဖုန်း... ဖုန်း.... ဖုန်း....)))
အမေက ရိုက်ချက်တိုင်းမှာ ကျနော့်ကို မထိရအောင် သူ့ကိုယ်ခန္ဓာနဲ့ အုပ်မိုးပေးထားတယ်။ ကျနော့်ကိုယ်လေးက သေးသေးလေးဆိုတော့ အမေကမရ ရအောင် ကာကွယ်ပေးနိုင်တာပေါ့။ အမေ့ရဲ့သွေးတွေက ကျနော့် တစ်ကိုယ်လုံးလဲ ပေကျံလို့တောင်နေပြီ...
ထိုအခိုက်....

“(((ဟိတ်))) ရပ်လိုက်ကြစမ်း... ငမိုက်သားတွေ”
“မင်းတို့တွေ ဘုန်းကြီးကျောင်းနေပြီး ဒီလောက်တောင်ရက်စက်မှု ကမ်းကုန်ရသလား”
“မင်းတို့ လူတွေမှ ဟုတ်ကျသေးရဲ့လား.. ဘီးလူး သဘက်တွေလားကွ..ဟေ”
“ကိုယ့်အထုပ်ကိုယ်ယူပြီး အခု ငါ့ကျောင်းက ထွက်သွားကြစမ်း”...

ကျောင်းဝန်းထဲမှာ ကမ္ဘာပျက်မတတ် ဆူညံနေတော့ ဆရာတော်ကြီးကိုယ်တိုင် ထီးတစ်ချောင်းနဲ့ မိုးရေထဲ ထွက်လာခိုက် ကျနော်တို့သားအမိရဲ့အဖြစ်ဆိုးကို တွေ့လိုက်ဟန်တူတယ်။ ပြီးတော့ သူနဲ့အတူပါလာတဲ့ ဦးဇင်းတွေကို ကျနော်တို့ သားအမိကိုပြုစုဖို့ ကျောင်းကြီးထဲကို ခေါ်လာခိုင်းတဲ့ အသံကို ကျနော် ခပ်သဲ့သဲ့ ကြားလိုက်ရတယ်။ အမေကတော့ အခုချိန်အထိ ကျနော့်ကိုယ်ပေါ်မှာ အုပ်မိုးပြီး ကာကွယ်ထားတုန်းပဲ။

ကျောင်းဝန်းကြီးထဲရောက်တော့ ဦးဇင်းတပါးက...
“ဆရာတော်ဘုရား... မျောက်မကြီးက အသက်မရှိရှာတော့ဘူး ဘုရား”
“အလို.. အဖြစ်ဆိုးလှပါလား... ဒါဆို မျောက်သားလေးကရော... ”
“ခပ်မျော့မျော့ပဲ ဆရာတော်ဘုရား... အခု တပည့်တော် ကိုရင်တပါးနဲ့ ကျေးလက်ဆေးမှူးလေးကို အခေါ် လွှတ်လိုက်ပြီ”
“အိမ်း... ကြိုးစားပြီး ကယ်တင်ပါ ဦးဇင်းရေ... ကျုပ်တို့လုပ်နိုင်တာ လုပ်ပေးရမှာပေါ့”
“သတ္တ၀ါတစ်ခု ကံတစ်ခုပေါ့ကွယ်...”
“အကုသိုလ်တရားတွေ ကြီးမားလိုက်ကြတာ”
“ပြုသူတွေအတွက်.. အကုသိုလ်အသစ်ပေါ့... ဖြစ်သူတွေအတွက်ကတော့ အကုသိုလ်ကံဟောင်းက အကျိုးပေးခဲ့ ပြီးလေ”

ကျနော့် ခန္ဓာကိုယ်ကသာ မလှုပ်ရှားနိုင်တော့တာပါ ဆရာတော်ကြီးတို့ပြောတဲ့ စကားသံတွေကို ကျနော်နားက ကောင်းကောင်းကြားနေသေးတယ်။
((( အမေသေပြီတဲ့ )))... အမေ... အမေ.....
ကျနော့်ပါးစပ်က အသံမထွက်နိုင်တော့ပေမယ့်... စိတ်ထဲမှာ အမေ့ကိုအော်ဟစ်ရေရွတ်လို့သာ နေပါတော့တယ်။ အထုပ်အပိုးတွေနဲ့ လူဆိုးကျောင်းသားနှစ်ယောက်က မဲ့ရွဲ့နေတဲ့မျက်နှာပေးနဲ့ သင်္ဃာန်းဟောင်းတွေနဲ့ ထုပ်ပိုးထားတဲ့ ကျနော့်ကို တချက်လာကြည့်သွားတယ်။ ကျနော်သူတို့နှစ်ယောက်ကို မြင်တော့...
ရက်စက်လိုက်ကြတာ.. တရားမဲ့လိုက်ကြတာ.. ကိုယ်ချင်းမစာလိုက်ကြတာ.. ခင်ဗျားတို့အမေသာ ဒီလိုအဖြစ်မျိုး ဆိုရင် ခင်ဗျားတို့ဘယ်လိုနေမလဲဆိုပြီး ကုတ်ဖဲ့ကာမေးချင်တယ်။ လူသားမဟုတ်တဲ့ သက်ရှိတိုင်းဟာ လူသားတွေအတွက် အဖြည့်ခံသက်သက်လား... ကျနော်တို့လို သတ္တ၀ါတွေအတွက် ဘယ်ဘုရားသခင်ရဲ့ မေတ္တာတော်ကို ခံယူရမလဲ... အသိဉာဏ်ရှိလှပါတယ်ဆိုတဲ့ လူတွေမှာ ကိုယ်ချင်းစာတတ်တဲ့ နှလုံးသားတွေ အရာရာကိုတတ်နိုင်စွမ်းပါတယ်ဆိုတဲ့ ဘုရားသခင်က ဘာလို့ထည့်မပေးလိုက်နိုင်တာလဲ...................

ရွှင်လန်းချမ်းမြေ့ပါစေ...
မိုးမောင်

“မုန်တိုင်း”

Thursday, January 22, 2009
ကမ်း...မမြင်
လမ်း...မမြင်
အော်...
ငါ...
အိမ်ပြန်ရတော့မှာပါလား...
ခဲတံတစ်တို
စာတစ်အုပ်
မီးအိမ်တစ်လုံးနှင့်
နေညိုညို
လေပြိုပြိုမှာ
ဆေးလိပ်တိုတိုလေးနှင့်
လမ်းအိုအိုလေးကို
ယာယီပြန်လျှောက်လိုက်အုံးမယ်...
မုန်တိုင်းရေ...
ငါ့ရွက်လွှင့်ခြင်း အသစ်အတွက်
ဖိအားတွေပြင်ထားနှင့်ပေါ့ကွာ...


ဖိုးမောင်

မိုးမောင်ရဲ့၂၀၀၈ ပြန်တမ်း

Thursday, January 1, 2009
ကျနော်မိုးမောင်က ဟတ်ပီးကလောက်ဆိုတဲ့ ဆိုင်းဝိုင်းကြီးမှ နှဲဆရာတစ်ဦး ဖြစ်ပါတယ်။ တစ်ရက်မှာ 2009 ကို ကြိုဆိုပွဲအဖြစ် စိုင်းစိုင်းရဲ့ One man show မှာ တီးမှုတ်ပေးရမယ့် “မင်းတို့ရဲ့လက်တွေ လေထဲကို မြှောက်ထား လိုက်” ဆိုတဲ့သီချင်းကို ကျနော့်နှဲလေးနဲ့ တီးကွက်ဖော် လေ့ကျင့်နေမိပါတယ်။ အဲဒီအချိန်မှာ ယနေ့ နာမည်ကျော်ကြား လူကြိုက်များလှတဲ့ အန်တီမီဆိုတဲ့ ဇာတ်မင်းသမီးကြီးတစ်ယောက်က သူ့တို့အိမ်မှာ ကောက်ညှင်းပေါင်း လုပ်စားလို့ ဆိုပြီး.. ကျနော့်အိမ်ကို ကောက်ညှင်းပေါင်း လာပို့ပါတယ်။ ပြီးတော့ မှာသွားပါသေးတယ် အခုချက်ချင်း အကုန်စားရမယ်နော်တဲ့။

သူက ယနေ့ ရေပန်းရော မီးပန်းပါစားနေတဲ့ နာမည်ကျော်မင်းသမီးကြီးဆိုတော့ မိုးမောင်တစ်ယောက်ကြောက် ရတာပေါ့ဗျာ။ ဒါနဲ့ နှဲမှုတ်လျက် တန်းလန်းကနေပဲ ကောက်ညှင်းပေါင်းလေးစားလိုက် နှဲလေးပြန်မှုတ်လိုက်နဲ့ လုပ် ရတာ။ အဲသလို ကောက်ညှင်းပေါင်းစားရင် နှဲမှုတ်ရတော့ လက်ပေါက်တွေက ကပ်ကပ်နေတာပေါ့း)။ ပြီးတော့ ကျနော့် စိုင်းစိုင်းသီချင်းကလဲ ဘယ်လိုအသံတွေ ထွက်လာမှန်းမသိဘူး။ အဲဒီ့ အသံထွက်တွေနဲ့သာ စိုင်းစိုင်းကို တီးပေး ရရင် စိုင်းစိုင်းဝမ်းပါချုပ်သွားနိုင်တယ်ဗျး)။

အပျော်ပါဗျာ.... ဟဲ..ဟဲ....
ခင်လို့မင်လို့ ကြည်စားတာပါ...း)။ ကျနော်ခင်မင်ရတဲ့ အမကြီးမယ်လိုဒီမောင်က “နှစ်တစ်နှစ်ရဲ့ ကုန်ဆုံးချိန်” ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ ကျနော့်ကို Tag ထားပါတယ်။ အမှန်တော့ မမီကကျနော်ကို “တိန်” ကနဲမြည်အောင် ထု လိုက်တာဗျ။ ကျနော့်ရဲ့ ၂၀၀၈ဖြတ်သန်းပုံကို ပြန်ပြီးအနှစ်ချုပ်ရရင် နောင်လာနောက်သား လူငယ်တွေ အတု ယူမှားမှာတောင် ဆိုးရတယ်.. မကောင်းမှုအားပေးတွေများတာကိုး။

ပြီးတော့ ဒီနှစ်ထဲ အကြိမ်ကြိမ်ပေါင်းမိတဲ့ သူတွေကလဲ ကြည့်အုံး... ယိမ်းနွဲ့ပါးက သူရာမန်း မိုးကြယ်တို့အဖွဲ့၊ အိမ်မက်ရှင်၊ မိုးမြင့်တိမ်(လတ်တလော ဘလောဂ့်ပြေး) အဲသလို ပုဂ္ဂိုလ်ထူးတွေနဲ့ ဆိုတော့ကာ... (အား..လား... မား.. ကိုယ့်ဘာသာတောင် လန့်မိတယ်ဗျ) သူတို့နဲ့ တိုးတိုးတိတ်တိတ်ပြောရမယ့် ဟာတွေတောင်ပါသဗျ ဟေး..ဟေး။ ဒီကြားတဲ့ ကိုရင်နော်ကြီးကတမှောက်... ကလေးလေးက ဘီအီးပုလင်းဖွက်ထားလို့ပါ ပြောပြောပြီး ဟတ်ပီးကလောက်မှာ တင်သမျှအရက်တွေ လာလာမော့တတ်သေး..း)။ သူလုပ်မှ ဟတ်ပီးကလောက်က ခွက်ပုန်းအရက်ဆိုင်လိုလို ဘာလိုလိုတောင် ဖြစ်တော့မယ်။ နောက်လာကြည့် အကြွေးမရောင်းဘူး..(အဲလေ) ပြောနေရင်း...း)။

၂၀၀၈ရဲ့ အပြောင်းအလဲသစ်အနေနဲ့ နှစ်ဆန်းပိုင်းလောက်မှာ ကျနော့ကိုဘလောဂ့်ဆိုတဲ့ ကူးစက်ရောဂါပိုးက ၀င်စပြုနေပြီ၊ အဲ..သိပ်မကြာဘူး ဆိုးသွမ်းဆိုတဲ့ ငတိနဲ့သွားလဲပေါင်းမိရော ရောဂါကအလျင်အမြန်ကို ကူးစက် တော့တာပါပဲ။ နောက်.. မီးလောင်ရာလေ့ပင့်တတ်တဲ့ ကိုဖိုးမောင်နဲ့ပါ ထပ်တွဲမိတယ်။ သူနဲ့ကလဲ နဂိုကမှ ဆွေမျိုးမကင်းတဲ့ ဖအေမတူ မအေကွဲ ညီအကိုဖြစ်နေတော့ သူ့စကားကို ပိုပြီးနားယောင်တော့တာပေါ့ဗျာ။ ဒါနဲ့ နှစ်ဆန်းပိုင်းမှာတင် စပြီးဘလောဂ့်မိကြတယ်။

၂၀၀၈ခုနှစ်ကို ထဲထဲဝင်ဝင် ချဉ်းနင်းလာမိတော့ ဖိုးမောင်နဲ့ မိုးမောင်နှစ်ယောက်ပေါင်းပြီး ဘလောဂ့်မှာ ဗုံမကျ ပတ်မကျ.. ၀တ္တုလိုလို ကဗျာလိုလိုတွေက တော်တော်ရေးမိနေပြီ။ ကိုယ့်ဘာသာပြန်ဖတ်မိတော့ တစ်ယောက် ယောက်ကများ လက်လွန်ခြေလွန် လာဆဲမှာစိုးလို့ ရပ်ထားရင်တောင် ကောင်းမလား စဉ်းစားမိသေးတယ်။ ဒီကြားထဲ အချင်းချင်းသတိပေးနေတဲ့ကြားက သမိုင်းလမ်းဆုံဖက် ရောက်ရောက်သွားလို့ ဆူးလေးဖက်ကား ပြောင်းစီးရတာလဲ ခဏခဏး)။ အဲသလို နှစ်ယောက်တိုင်ပတ်နေတုန်း.. မအိမ်သာ(အဲလေ)မွှားလို့.. မအိန္ဒြာဆို တဲ့ ကဗျာမကြီး..(အာ..မှားပြန်ပြီ) ကဗျာဆရာမကြီးနဲ့ ထပ်တွေ့တော့ သုံးယောက်ပေါင်းပြီး လောင်းကိုကျော် တော့တာပါပဲး)။

အခုလို ၂၀၀၈ ကုန်ခါနီးလဲရောက်ရော မိုးမောင်လဲ ရှိသမျှပေးစရာ အကြွေးတွက်မိတာ နှလုံးရောဂါတောင် ဖြစ်ချင်သလိုလိုဖြစ်သွားတယ်။ ဒါနဲ့ ၂၀၀၈ခုနှစ်အတွက် တရားရသယောင်ယောင် ဘာယောင်ယောင်လုပ်ပြီး သောက်လက်စပုလင်းလေး ကုတင်အောက်မှာဖွက်၊ ပုလင်းဟောင်းတွေ ကုလားဆီကိုရောင်းစားနဲ့ နှစ်ကုန် ဘက်ဂျက်စာရင်း ပိတ်ရတော့တာပေါ့ဗျာ..း)။ ဒီကြားထဲ ကြင်နာသူက မိုးမောင်ညညမအိပ်ပဲ ဘလောဂ့်ဂင်းလို့ ဆိုပြီး အွန်လိုင်းမာရှယ်လောတွေ ဘာတွေတောင် ထုတ်ခံရတယ်ဗျး)။ အခုဒီပိုစ့်ရေးနေတာတောင် သူ့ကိုအိပ်ပြီလို့ ညာပြောလိုက်ရသေး။ (ဟေ့လူတွေ ဒီသတင်း သွားမပြောကြေးနော်)

မာမီမောင်က.. ၂၀၀၈ ခုနှစ်၊ ဒီဇင်ဘာ၃၁ရက်နေ့အထိ ပါရမယ်ဆိုလို့ ပိုပြီးတိကျအောင် Welcome 2009 Count Down အချိန်မစမှီအထိ ထည့်ရေးလိုက်တယ်ဗျာ။
၂၀၀၈၊ ဒီဇင်ဘာ ၃၁ရက်နေ့ တနေ့ခင်းလုံး အလုပ်ထဲမှာပါပဲ။ အဲဒီတစ်နေ့လုံး ဘာကိုမှစိတ်မပါပဲ ညဖက်နှစ်ကူး အချိန်မှာ ဖြတ်သန်းမယ့် ကိုယ့်ရဲ့စိတ်ကူးတွေကို သဏ္ဍာန်အမျိုးမျိုးနဲ့ ပုံဖော်ကြည့်နေမိတယ်။ ဒီလိုနဲ့ အလုပ်က ပြန်ချိန်ရောက်တော့ ၀န်ထမ်းအားလုံးက အိမ်အမြန်ပြန်ချင်လို့ ဖျတ်ဖျတ်လူးနေကြပြီ။ ဖြစ်ချင်တော့ ဖယ်ရီက ဒီနေ့မှ မတရားကိုနောက်ကျတာဗျာ။ အဲဒီနောက်ကျတဲ့ ကားဆရာလဲ လာရော.. သူ့မျက်နှာတည့်တည့်ကို ကြည့်ပြီး သူမသိအောင် ဗမာလို ရီရီမောမောနဲ့ ၀ိုင်းဆဲတာပေါ့၊ လက်တွေကလဲ နှစ်ကူးအတွက် နှုတ်ဆက်သလို လို ဘာလိုလို လက်ဆွဲနှုတ်ဆက်ရင်းပေါ့။

အိမ်ရောက်တော့ အသည်းအသန်ရေချိုး၊ ထမင်းတောင် မစားနိုင်ဘူး.. မိုးမောင်တို့ သုတ်ခြေတင်ပြီး ချိန်းထားတဲ့ နေရာကို ပြေးတာ။ ကိုယ်က နောက်ကျသူဆိုတော့ ဖုန်းတွေလဲ အလီလီဆက်ပြီး လာပြီးဆိုတဲ့ အကြောင်း သတင်းပို့ရတာလဲ အမေား)။ ဒီလိုနဲ့ ၂၀၀၉ကို ကြိုဆိုဖို့ အသင့်ပြင်ဆင်ထားတဲ့ နေရာကို ရောက်လာခဲ့ပါတယ်။ အချိန်က ည၁၀နာရီကျော်လာတယ်ဆိုရင်ပဲ မိုးမောင်ကို အထင်သေးသူ တစ်စုက “မူးနေပြီလား.. ပြဲနေပြီလား.. ကွဲနေပြီလား.. အခြေအနေ ဘယ်လိုလဲ”ဆိုပြီး သြဘာပေးကြတယ်ဗျ။ သူတို့ကတော့ မအိမ်သာတို့ မိုးမြင့်တိမ်တို့ ဆရာသုတိုပေါ့ဗျာ (((ကတောက်)))...

အမှန်စင်စစ်က မိုးမောင်လုံးဝမမူးဘူး... ဒီနှစ်တော့ လုံးဝအငြိမ်ဖြစ်နေတာ ဘာလို့လဲဆိုတော့..(အင်း).. ဘာမှ မဟုတ်တော့ပါဘူးလေး)။ ပြောမိရင် ကွန့်မန့်မှာလာပြီး ချီးမွမ်းထောပနာပြုမယ့် ကိုဖိုးမောင်ကိုလန့်လို့။ မိုးမောင်တစ်ယောက် ၁၁နာရီထိုးလောက်ကတည်းက Happy New Year SMS တွေနဲ့ နပန်းလုံးနေတာ ၁၁ခွဲလောက်ရောက်တော့မှ ဘေးဘီကိုကြည့်မိတော့ ကိုယ့်ကိုအရေးတယူခေါ်မယ့်သူက မရှိတော့ဘူး။ တခြားသူတွေကတော့ သူ့ဟာနဲ့သူ ပျော်လို့ပါးလို့ ပါပဲ။ ဖြစ်ချင်တော့ ၁၁နာရီခွဲလောက်ကစပြီး ဖုန်းလိုင်းတွေက လုံးဝဆက်မရတော့ဘူး၊ ကိုယ့်ကို နှစ်ကူးကြိုဆိုဆုတောင်းပွဲအတွက် ဖိတ်ကြားတဲ့သူကိုလဲ ဖုန်းလှမ်းဆက်လို့က မရ။ စိတ်ထဲမှာတော့ တော်တော်လေးယောက်ယက်ခတ်နေတယ်.. ဖုန်းလိုင်းကပါ ပြဿနာဖြစ်တော့ ပိုဆိုးတာ ပေါ့ဗျာ။

၁၁နာရီ ၅၅ မိနစ်လဲ ရောက်ရော မိုးမောင်စိတ်ကို ဒုံးဒုံးလျော့ချလိုက်ပါတော့တယ်။ ကိုယ့်ကိုဖိတ်ခေါ်တဲ့သူကို ဘယ်လိုမှ ဆက်သွယ်လို့မရတော့တဲ့ အဆုံး ဒီကြိုဆိုပွဲရဲ့ ခပ်လှမ်းလှမ်းတနေရာက ကွန်ကရစ်လှေကားထစ် လေးမှာ ထိုင်ပြီး SMS တစ်စောင်ကို ဖုန်းလိုင်းကမရမှန်း သိရက်နဲ့ သဲကြီးမဲကြီး ပို့နေမိတယ်။ ဒီအချိန်မှာပဲ "Auld Lang Syne" သီချင်းသံက ထွက်ပေါ်လာပါတယ်..။

၁၂နာရီထိုးပြီး...
၂၀၀၉ခုနှစ်ကို ရောက်ပါပြီ...
အားလုံးက ၀မ်းသာစွာအော်ဟစ်နေကြတဲ့ အသံတွေလဲ အတိုင်းသားပဲ....
ပြီးတော့ ကျနော့်လက်တွေကလဲ လိုင်းပြတ်နေတဲ့ ဖုန်းရဲ့ခလုတ်တွေကို အရူးတစ်ယောက်လို့ အကြိမ်ကြိမ် နှိပ်နေမိတယ်... စိတ်ကူးထဲမှာလဲ အပြုံးတွေဝေနေတဲ့ မျက်နှာတစ်ခု....

PS/ မာမီမောင်ရေ.. ကျနော်ဒီလောက်ရေးရင် ရပြီနော်.. စိတ်မဆိုးကြေး...း)။ တလက်စတည်း ၂၀၀၈ ပြန်တမ်းနဲ့အတူ နှစ်သစ်ကို ကြိုဆိုပါတယ်ဗျာ..။